Sunday, March 25, 2012

134 - ဖဆပလအစိုးရလက်ထက် အစိုးရအဖွဲ့ဝင် MYANMAR MUSLIM ဝန်ကြီး ဦးခင်မောင်လတ်

ဖဆပလအစိုးရလက်ထက် အစိုးရအဖွဲ့ဝင် 

MYANMAR MUSLIM ဝန်ကြီး ဦးခင်မောင်လတ်

ဖဆပလအစိုးရလက်ထက် အစိုးရအဖွဲ့ဝင် ဝန်ကြီး ဦးခင်မောင်လတ်
ဖဆပလ အစိုးရလက်ထက် (၁၉၅၂-၅၅) ဝန်ကြီးချုပ်ဦးနု နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ
(ဝန်ကြီး ဦးရာရှစ် – ဒုတိယတန်း ဝဲမှယာ ဆဌမမြောက်
ဝန်ကြီး ဦးခင်မောင်လတ် – နောက်ဆုံးအတန်း ဝဲမှယာ တတိယမြောက်)
အထက်ပါ ဓါတ်ပုံမှတ်တမ်းအရ ၁၉၅၂ တွင် စတင်ဖွဲ့စည်းခဲ့သည့် ဝန်ကြီးချုပ် ဦးနု၏ ဖဆပလ အစိုးရ လက်ထက် အစိုးရအဖွဲ့တွင်ဝန်ကြီးများအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော မြန်မာမွတ်စလင်မ် ဝန်ကြီးနှစ်ဦး ရှိခဲ့ပြီး ၄င်းတို့မှာ ဦးရာရှစ်နှင့် ဦးခင်မောင်လတ် တို့ဖြစ်သည်။ ဦးရာရှစ်အကြောင်းကို Memorial Boulevard တွင်(လွပ်လပ်ရေးခေါင်းဆောင် ဦးရာရှစ်) ဟူ၍ ရေးသားဖော်ပြထားပြီးဖြစ်ပါ၍ ယခု ဝန်ကြီး ဦးခင်မောင်လတ်အကြောင်းကို ဖတ်မိသလောက် ပြန်လည်ဝေမျှချင်ပါသည်။
(စကားချပ်။ ။ ပ-ထ-စ(ပြည်ထောင်စု) အစိုးရ လက်ထက် [၁၉၆၀-၁၉၆၂] တွင် တာဝန်ထမ်းဆောင်ခဲ့သော မြန်မာမွတ်စလင်မ် ဝန်ကြီး နောက်တစ်ဦး ရှိပါသေးသည်။ ၁၉၆၁ တွင် ကျန်းမာရေး ဝန်ကြီးအဖြစ် ခန့်အပ်ခြင်းခံရသော Sultan Mahmood ဖြစ်ပါသည်။)
ကိုယ်ရေးအကျဉ်း
အလ်ဟာဂ်ျဦးခင်မောင်လတ် (ခ) Abdul Latif Khan [၁၉၁၃-၁၉၇၇] ရန်ကုန်တက္ကသိုလ်မှ ဥပဒေပညာ ဘီအေဘီအယ်လ် (B.A., B.L.) ဘွဲ့ရရှိခဲ့သည်။ ဆရာကြီး ဦးရာဇာတ် လုပ်ကြံမခံရမီ အချိန်ထိ ဆရာကြီး၏ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂတွင် တက်တက်ကြွကြွ လှုပ်ရှားခဲ့ပြီး သမိုင်းဝင် ၁၉၃၆ ကျောင်းသားသပိတ်တွင် ပါဝင်ခဲ့သည်။
၁၉၄၇ ခုနှစ် ၊ ဧပြီလ ၉ တွင်ကျင်းပသော တိုင်းပြုပြည်ပြုလွှတ်တော် ရွေးကောက်ပွဲတွင် (မြောင်းမြခရိုင် ကျေးလက်တောင်ပိုင်း) မှ ဝင်ရောက်ယှဉ်ပြိုင်ရာ အနိုင်ရရှိခဲ့ပြီး လွှတ်တော်အမတ်အဖြစ် အရွေးခံခဲ့ရသည်။ ဝန်ကြီးချုပ်ဦးနု၏ ဖဆပလ အစိုးရလက်ထက်တွင် ကက်ဘိနက် အဖွဲ့ဝင် ဝန်ကြီးတစ်ဦးအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရပြီး တရားရေးဝန်ကြီး၊ ကျန်းမာရေးနှင့် လူမှုဝန်ထမ်း ဝန်ကြီးဌာန ဝန်ကြီး အဖြစ် တိုင်းပြည် တာဝန်များကို ထမ်းဆောင်ခဲ့ပါသည်။ ၁၉၅၈တွင် သန့်ရှင်းဖဆပလနှင့် တည်မြဲဖဆပလ ဟူ၍ နှစ်ခြမ်းကွဲသွားသောအခါ ဦးခင်မောင်လတ်သည် တည်မြဲဖဆပလ အဖွဲ့တွင် ပါဝင်ခဲ့သည်။ (ထိုအချိန်တွင် ဦးရာရှစ်သည် ဦးနုနှင့်အတူ သန့်ရှင်းဖဆပလတွင် ရပ်တည်ခဲ့သည်။)
ဦးခင်မောင်လတ်သည် နိုင်ငံတစ်ဝှမ်းရှိ မွတ်စလင်မ်လူထုကို မြန်မာ့လွတ်လပ်ရေး လှုပ်ရှားမှုအတွက် ဖဆပလ အဖွဲ့ကြီးတွင် တပ်ပေါင်းစုအဖြစ် ပါဝင်ရန် (ဆရာကြီး ဦးရာဇာတ်နှင့်အတူ) အောင်မြင်စွာ စည်းရုံးနိုင်ခဲ့သူဖြစ်သည်။ ဤသို့ဖြင့် ဗ-မ-က (ဗမာမွတ်စလင်မ် ကွန်ဂရက်) အဖွဲ့ကြီးသည် (၁၉၄၆)ခုနှစ် ဇန်န၀ါရီလတွင် ရွှေတိဂုံ အလယ်ပစ္စယတွင် ကျင်းပသည့် (ဖ-ဆ-ပ-လ) ညီလာခံ၌စတင်ကာ လူမျိုးရေး အဖွဲ့အစည်းတစ်ရပ် အဖြစ် (ဖ-ဆ-ပ-လ) အဖွဲ့ကြီးတွင် ထပ်ပေါင်းစုပါဝင်၍ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုတွင် ပါဝင်ဆောင်ရွက်ခဲ့ပါသည်။
ဦးခင်မောင်လတ် သည် ၁၉၄၁ တွင် ဖွဲ့စည်းခဲ့သော ဗ-မ-က အဖွဲ့ကြီး၏ အထွေထွေ အတွင်းရေးမှူး အဖြစ် လည်းကောင်း (၁၉၅၄)ခုနစ်ဒီဇင်ဘာလ (၅) ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သော အမူဆောင် အဖွဲ့ ၁၁၊ပြည်ထောင်စုမြန်မာနိုင်ငံတော် အစ္စလာမ် သာသနာရေးရာ ကောင်စီဌာနချုပ်၏ ဥက္ကဌ အဖြစ်လည်ကောင်း သာသနာရေးရာ တာဝန်များကိုလည်း ထမ်းဆောင်ခဲ့သူ ဖြစ်ပါသည်။
၁၉၇၇ တွင် အလ္လာအရှင်မြတ် အမိန့်တော် ခံယူသွားခဲ့သည်။
ထမ်းဆောင်ခဲ့သော တိုင်းပြည်တာဝန်များ ၁။ ဗိုလ်ချုပ်အောင်ဆန်း၏ တိုင်းပြုပြည်ပြုလွှတ်တော်တွင် မြောင်းမြခရိုင် (ကျေးလက်တောင်ပိုင်း) ကိုယ်စားပြု လွှတ်တော်အမတ်
၂။ ဝန်ကြီးချုပ်ဦးနု၏ ဖဆပလ အစိုးရလက်ထက် အစိုးရအဖွဲ့တွင် တရားရေးဝန်ကြီး ၊ ကျန်းမာရေးနှင့် လူမှုဝန်ထမ်း ဝန်ကြီးဌာန ဝန်ကြီး
သာသနာရေးရာ တာဝန်များ
၁။ ၁၉၄၁ တွင် ဖွဲ့စည်းခဲ့သော ဗ-မ-က (ဗမာမွတ်စလင်မ် ကွန်ဂရက်) အဖွဲ့ကြီး၏ အထွေထွေ အတွင်းရေးမှူး
၂။ (၁၉၅၄)ခုနစ်ဒီဇင်ဘာလ (၅) ရက်နေ့တွင် စတင် ဖွဲ့စည်းခဲ့သော အမူဆောင်အဖွဲ့ ၁၁ ၊ ပြည်ထောင်စုမြန်မာနိုင်ငံတော် အစ္စလာမ် သာသနာရေးရာကောင်စီ ဌာနချုပ်၏ ဥက္ကဌ
လွှတ်တော်အမတ်နှင့် ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ်က ဓါတ်ပုံမှတ်တမ်းများ
ဂျပန်ဝန်ကြီးချုပ် မစ္စတာ ကီရှီအား မြန်မာဝန်ကြီးချုပ် ဦးနုမှ လွှတ်တော် အမတ်များနှင့် မိတ်ဆက်ပေးနေစဉ် (၁၉၅၇)
ဗီယက်နမ် သမ္မတ ဟိုချီမင်းအား ပြည်သူ့လွှတ်တော်တွင် ကြိုဆိုဧည့်ခံစဉ်
အီရတ်နိုင်ငံ၏ မင်းသား ဟာစန်အား ကြိုဆိုနှုတ်ဆက်စဉ် (သခင် သာခင် နှင့်အတူ)
(အပေါ်ပုံ) ဖိလစ်ပိုင် သမ္မတ Raymond Magsaysay အား အမှတ်တရ လက်ဆောင် ပေးအပ်စဉ်
(အောက်ပုံ) အိန္ဒိယနိုင်ငံ သမ္မတ ဒေါက်တာ Rajendra Prasard နှင့် တွေ့ဆုံနှုတ်ဆက်စဉ်
ဆော်ဒီအာရေဗျနိုင်ငံ ရေနံနှင့် သတ္တုတွင်းထွက်ဌာန ဝန်ကြီး Sheikh Yamani နှင့် စကားလက်ဆုံ
အီဂျစ်လေတပ်အရာရှိ Hosni Mubarak (နောင် အီဂျစ်သမ္မတ) နှင့်အတူ ကိုင်ရိုတွင် (၁၉၅၅)
ပါကစ္စတန်နိုင်ငံ၏ ပထမဆုံး ဝန်ကြီးချုပ် Liaquat Ali Khan ၏ ကရာချီမြို့ရှိ ဂူသချို င်္င်းသို့ ဇေယာရတ်လုပ်စဉ် (၁၉၅၃)
ထိုင်းနိုင်ငံ နိုင်ငံခြားရေးရုံးတွင် ထိုင်းတပ်မတော် ဗိုလ်ချုပ်ကြီး Darwee Chulasapaya နှင့်အတူ
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အထွေအထွေ ညွှန်ကြားရေးမှူး အား တည်ခင်းဧည့်ခံသော ညစာစားပွဲတွင် မိန့်ခွန်းပြောကြားနေစဉ်
ကိုးကား။ ။
1. List of Burmese Muslims (Wikipedia entry)
2. အစ္စလာမ်သာသနာရေးရာကောင်စီပေါ်ပေါက်လာပုံ (IRAC Myanmar’s facebook notes)
3. မြန်မာနိုင်ငံနှင့်အစ္စလာမ်သာသနာ (တိုင်းရင်းသား၊ နိုင်ငံသားအစ္စလာမ်သာသ…
4. တာမွေကဗရ်စတာန်ရှိ ဝန်ကြီး ဦးခင်မောင်လတ်၏ ကဗရ်ပုံ (uploaded by Ko Kyaw Moe Aung)
မှတ်ချက်။ ။
ဝန်ကြီး ဦးခင်မောင်လတ်၏ အတ္ထုပတ္တိကို အင်တာနက်ပေါ်တွင် အပြည့်အစုံ ရှာမတွေ့ပါ၍ အထက်ပါ စာညွှန်းသုံးပုဒ် နှင့် ဓါတ်ပုံ တစ်ပုံကိုသာ ကိုးကားရေးသားထားခြင်း ဖြစ်ပါသည်။ သမိုင်းအချက်အလက်များ မှားယွင်းနေပါက ပြင်ဆင်ပေးစေလိုပြီး ပိုမိုပြည့်စုံသော အတ္ထုပတ္တိရှာတွေ့လျှင် ဖြည့်စွက်ပေးစေလိုပါသည်။ အချိန်နှင့်အမျှ ပြင်ဆင်ဖြည့်စွက်သွားပါမည်။
ကျေးဇူးတင်လွှာ။ ။
(ဝန်ကြီး ဦးခင်မောင်လတ်၏သား IIUM တက္ကသိုလ် မှ အငြိမ်းစား အင်္ဂလိပ်စာဆရာ ဦးခင်မောင်ကြီး စုဆောင်းထားသော ဓါတ်ပုံများကို ခွင့်ပြုချက်ရယူပြီး မန်ဘာ ကိုမျိုးသန့် မှ scan ဖတ်၍ ပေးပို့လာခြင်း ဖြစ်ပါသည်။ အချို့အချက်အလက်များကို မန်ဘာ ကိုကျော်မိုးအောင် တင်ထားသော တာမွေရှိ ဝန်ကြီးဦးခင်မောင်လတ်၏ ကဗရ်ပုံ တွင် ရေးထိုးထားသော ကမ္ဗည်းစာသားများမှ မှီငြမ်းပါသည်။)
(Credit MMSY)

No comments:

Post a Comment